ဘားအံမြို့နယ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ မေ ၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လာမည့်ဇွန်လတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ကြတော့မည်ဖြစ်ရာ ယခင်နှစ် ပြည်နယ်အတွင်း ဖွင့်လှစ်နိုင်ခြင်းမရှိသော ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်ထားကြစေလိုကြောင်း၊ ယခင်နှစ်ကဖွင့်လှစ် နိုင်ခြင်းမရှိခဲ့သည့် အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဖွင့်လှစ်နိုင်သည့် ကျောင်းများတွင်လည်း အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေး လိုအပ်သည့် စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေးအတွက် ဆရာ/မများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် တာဝန်ရှိ သူများပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးနှင့်မိလ္လာများ ပြည့်စုံကောင်းမွန်ရေးနှင့် လုံခြုံရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ထားကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားများ ကျင်းပ၍ ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားနိုင်ရေး ဆော်ဩ ပေးကြစေလိုကြောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ပြည်နယ်အတွင်းပြန်လည် ဖွင့်လှစ်မည့်ကျောင်းများနှင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့်ကျောင်းများကို ဆွေးနွေးတင်ပြပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများစာရင်း၊ ဆရာ/ကျောင်းသားအချိုး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)