ဖြူး မေ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က စည်ပင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဦးစီးအရာရှိဦးအောင်မိုးဝင်းမှ(MEVM)မဲပေးစက်ဖြင့် မဲပေးခြင်း အသေးစိတ်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်ငူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေမြတ်နိုးသိမ့်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့မှ (MEVM)စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများ(၂၅၀)ဦးခန့်က လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
ဆက်လက်၍ စမ်းသပ်မဲပေးသူများက ယခင်ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပိုမိုကောင်းမွန်စေရေး အကြံပြုကြကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့မဲပေးလေ့လာခြင်းများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)