ပဲခူး မေ ၉
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်နိုင်ရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်နှင့် မြို့နယ်အသီးသီးမှ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်ဖြင့် ထူးချွန်ထက်မြက်သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများကလည်း စည်းကမ်းတကျ စနစ်တကျရှိစွာဖြင့် မိမိမြို့နယ်ပိုက်ကျော်ခြင်းအသင်း အောင်မြင်မှုရရှိစေရေးဖို့ တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းမယ်ဆိုသည့် စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုသည့် အားကစားစိတ်ဓာတ်ကိုလည်း အမြဲထားရှိပြီး ပဲခူးတိုင်းဒေသကြီး၏ ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း အစဉ်အမြဲတိုးတက်စေရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို အလေးပြုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုက်ကျော်ခြင်း အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့မှ သရုပ်ပြတီးမှုတ် ဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အုတ်တွင်းမြို့နယ်အသင်းနှင့် ထန်းတပင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား မေလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အုပ်စု(၈)အုပ်စုခွဲ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း (၂၈)သင်းတို့က အုပ်စုပတ်လည်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)