ထားဝယ်မြို့တွင် လူငယ်နှင့်စာပေဟောပြောပွဲကျင်းပ

ထားဝယ် မေ ၉

တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်စာပေဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဇေယျဘုမ္မိဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ၊ဗဟုသုတများကို ဖတ်မှတ်လေ့လာစေခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွားလာမည်ဖြစ်ကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်စကားအတိုင်း လူငယ်များသည် စာအုပ်စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာသင့်ကြောင်း၊ လူငယ်များ စာပေ၏ကောင်းကျိုးကိုသိရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့်အလေ့အထ ပိုမိုတိုးတက်ရရှိစေရေး၊ လူငယ်နှင့်စာပေဆိုင်ရာကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ခိုင်က ယနေ့လူငယ်များသည် နောင်အနာဂါတ်ပင်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များ အတွေးမှန်၊ အမြင်မှန်၊ လုပ်ရပ်မှန်မှ နောင်အနာဂါတ်လည်း မှန်ကန်ကောင်းမွန်သည့်အနာဂါတ် ဖြစ်လာမှာဖြစ်ပါကြောင်း၊ အတွေးအခေါ်မှန်ကန်စေရန် စာအုပ်စာပေဖတ်ရှုရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေများထဲမှ အကျိုးရှိသောအနှစ်သာရများကို ကောက်နုတ်မှတ်သားပြီး မိမိအတွက်၊ တိုင်းပြည်အတွက် အသုံးချသင့်ပါကြောင်း၊ စာအုပ်စာပေမှ လူငယ်တို့တိုးတက်ရေးနည်းလမ်းကောင်းများ၊ အတွေးအမြင်သစ်များ ရရှိလာမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အသိပညာပေးဟောပြောသည်။

ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာအုပ်စာပေဖတ်ရှုခြင်းမှ ရရှိလာသည့်အကျိုးကျေးဇူးများအကြောင်းအား အသိပညာပေးဟောပြောပြီး ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ အပြည်ပြည်ဆိုင်ရာအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သိကောင်းစရာများနှင့် စာအုပ်စာစောင်များခင်းကျင်းပြသမှုအား ကြည့်ရှုကြပြီး ကျောင်းသား/သူများကို သုတရသစာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)