မကွေး မေ ၉
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုနည်း အခြေခံသင်တန်းသင်ကြားပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်သင်ကြားနေမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ အားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသည့် ပညာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး ထူးချွန်ထက်မြက်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ ရှေးဦးပြုစုနည်း အခြေခံသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၃၃)ဦးအား ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း စသည့် သင်ခန်းစာများကို မေလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်သည်။
မကွေးမြို့နယ်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းကို ယခုကျောင်းအပါအဝင် စုစုပေါင်းအခြေခံပညာကျောင်း (၃)ကျောင်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)