ရွှေတောင် မေ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သူမှသည် စာရေးသူများဖြစ်လာစေရန်နှင့် မျိုးဆက်သစ်စာရေးဆရာများပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ကဗျာ၊ စာစီစာကုံးနှင့် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာပေချစ်သူများအသင်း(Book Club)၏ မုဒိတာစာဖတ်ဝိုင်း (၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆရာမကြီးဒေါ်မြတ်နွယ်(ဧပရယ်မွန်း)က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ကဗျာ၊ စာစီစာကုံးနှင့်ဝတ္ထုတိုပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို စာပေချစ်သူများအသင်း(Book Club)(၅)နှစ်ပြည့်အခမ်းအနားတွင် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့်ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်