တောင်တွင်းကြီး မေ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ ဖွင့်လှစ်လျက်ရှိသည့် အပူရှောင်စခန်းတွင် လာရောက်အပူရှောင်ကျသည့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာနေဇော်အောင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အပူရှောင်စခန်းသို့ လာရောက်အပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တိုင်းရင်းဆေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေယံမြင့် ဦးဆောင်၍ ဝန်ထမ်းများက အပူငြိမ်းဆေးတိုက်ကျွေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုများကို အပူရှောင်စခန်း စတင်ဖွင့်လှစ်သည့် ဧပြီလ (၃၀) ရက်နေ့မှစတင်၍ နေစဥ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)