ကျွန်းစုမြို့၌ မဲဆန္ဒရှင်များက မဲရုံများတွင် စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲလာပေး

ကျွန်းစု  နိုဝင်ဘာ  ၈

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသည့် နိုဝင်ဘာလ(၈)ရက်နေ့ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မဲရုံအသီးသီး၏ သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီကိုယ်စားလှယ်များ၊ လေ့လာ စောင့်ကြည့်သူများနှင့် အသိသက်သေများ ရှေ့မှောက်တွင် မဲပုံးပိတ်ခြင်း၊ မဲပုံးလုံခြုံရေးကြိုးတပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြကာ နံနက်(၆)နာရီတိတိ အချိန်တွင် မဲရုံမှူး က မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့သည်။

ထိုနောက် ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ် - ၁၉ ကူးစက်မှုမရှိစေရေးအတွက် လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ တန်းစီစေခြင်းနှင့်စသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း မဲဆန္ဒရှင် ပြည်သူများက စနစ်တကျ တန်းစီစနစ်ဖြင့် အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)