ပိုင်ကျုံ မေ ၉
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့်အပြင် မိသားစုအပိုဝင်ငွေရရှိစေရေးတွက် မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ဒေသကြက်များကိုလည်း တစ်ပိုင်တစ်နိုင်တွဲဖက်၍ မွေးမြူလျက်ရှိကြောင်း သိရသည်။
ဒေသကြက်များမွေးမြူရာတွင် ဒေသဆိုင်ရာရောဂါများ ကျရောက်မှုမရှိစေရေးအတွက် ကာကွယ်ဆေးနှင့်သံချဆေးများ ပုံမှန်တိုက်ကျွေးရကြောင်း၊ ဒေသကြက်များသည် ပျံကျလှည့်လည်သည့်စနစ်ဖြင့် မွေးမြူသည်ဖြစ်၍ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ ဆန်စပါး၊ ဖွဲ၊ ကောက်ပဲသီးနှံများနှင့် အခြားအလွယ်တကူရရှိသောအစားအစာများ စားသောက်ရှင်သန်နိုင်သည့် ကြက်များဖြစ်ကြောင်း၊ ဥကြက်မတစ်ကောင်လျှင် ဥ ၁၂ လုံးမှ ၁၅လုံးအထိ ရှိကြောင်း၊ ကြက်ပေါက်များ ၃လမှ ၄လ အထိ မွေးမြူပြီး ရောင်းချနိုင်ကြောင်း ယခုအခါ ကြက်တစ်ပိဿာလျှင် ငွေကျပ်-၁၅၀၀၀အထိ ရောင်းချရကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ကြက်များတပိုင်တနိုင်မွေးမြူခြင်းကြောင့် မိသားစုများ၏စားဝတ်ရေးအတွက် အလွယ်တကူဖြေရှင်းနိုင်သည့်အပြင် ကြက်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူဖြစ်စေပါကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)