ပန်းတောင်း မေ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ညနေ (၆) နာရီ (၅) မိနစ်အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ လူနေအိမ်များနှင့်ဘုန်းကြီးကျောင်းများအမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်စဥ်ကြောင့် ပန်းတောင်းမြို့နယ် ရပ်သာကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံး၊ ကျောက်ဖူးကျေးရွာအုပ်စုတွင် နေအိမ်(၆)လုံးနှင့် မီးတိုင်(၁)တိုင်၊ ဇရပ်လှကျေးရွာအုပ်စုတွင် နေအိမ်(၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ တလုပ္ပင်ကျေးရွာအုပ်စုတွင် နေအိမ်(၁၁)လုံး၊ ကိုင်းကြီးကျေးရွာအုပ်စုတွင် နေအိမ်(၇)လုံး၊ ရတနာပုံရပ်ကွက်တွင် နေအိမ်(၆)လုံး၊ စုစုပေါင်း လူနေအိမ်(၃၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းနှင့် မီးတိုင်(၁)တိုင်ကျိုးပဲ့ပျက်စီး၍ ကြွေသီးများကွဲအက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ (၉၆၉၇၀၀၀ိ/-)ကျပ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မိသားစုများယာယီနေထိုင်နိုင်ရေးနှင့် ပြန်လည်ပြုပြင်ပြင်ဆင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများကကူညီဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်များထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)