ခန္တီး မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဉာဏ်မြင့်က မူးယစ်ဆေးဝါးများ စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲပါက ခံစားရမည့်ဆိုးကျိုးများ နှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ဆိုးရွားစွာထိခိုက်စေသောကြောင့် မသုံးစွဲမိကြစေရန် တိုက်တွန်းနှိုးဆော် သတိပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ဒေသခံပြည်သူများ (၅၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)