မကွေး မေ ၉
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ သားဖွားခန်းပြုပြင်တည်ဆောက်ရန် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းနှင့် မိခင်သေဆုံးသွားသည့် အမွှာပူးကလေးများအတွက် ထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးဒေါ်ဝင်းဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က သားဖွားခန်းပြုပြင်တည်ဆောက်ရန် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းနှင့် မိခင်သေဆုံးသွားသည့် အမွှာပူးကလေးများအတွက် ထောက်ပံငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ သားဖွားခန်းပြုပြင်တည်ဆောက်ရန် ထောက်ပံ့လှူဒါန်းငွေကျပ် သိန်းနှစ်ရာအား မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မိခင်သေဆုံးသွားသည့် အမွှာပူးကလေးများအတွက် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ငွေကျပ်တစ်သိန်းနှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ငွေကျပ်ငါးသောင်းကို တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ ကလေးများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)