မုံရွာ မေ ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်း များမှ ပါမောက္ခချုပ်များနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အချိန်သည် ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ရာသီဥတု ပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပြန်လည်ကောင်းမွန် လာစေရေးအပြင် အစားအသောက်နှင့် ဆေးဝါးအကျိုးပြုစေရန်အတွက် တမာပင်များစိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၂ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ (၃)နှစ်တာကာလ အတွင်း တမာ (၃၀၀,၀၀၀) ပင်စိုက်ပျိုးသွားရန် လမ်းညွှန်ခဲ့မှုအပေါ် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် မိုးရာသီတို့တွင် တမာ(၃၀၀,၀၀၀)ပင်အား အပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေး လက်နေပြည်သူများ၏ ထင်းလိုအပ်ချက်အားဖြည့်ဆည်းနိုင်ရေးနှင့် သစ်တောဖုံးလွှမ်းမှုအား အထောက်အကူဖြစ်စေရေးအတွက် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်းများအား တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မြေနေရာရရှိရေးနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင်မြင်စေရေး တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်း ကူညီပြုစုထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး မိမိတို့ ဌာနများနှင့် ကျောင်းများအလိုက် စီမံဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာလေဆိပ်ရှိ ဧည့်ခန်းမဆောင်တွင် ဒုတိယအကြိမ် စစ်မှုထမ်းဆောင်မည့် မုံရွာမြို့မှ ပြည်သူ့စစ်မှုထမ်းများနှင့် တွေ့ဆုံပွဲနှုတ်ဆက်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိတ်ဆက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အကျိုးခံစားခွင့်များနှင့် သင်တန်း တွင် လိုက်နာလုပ်ဆောင်ရမည့်အချက်များအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်မှုထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး စစ်မှုထမ်းများနှင့် မိသားစုဝင်များအားရင်းရင်းနှီးနှီးဖြင့် နွေးထွေးစွာလိုက်လံနှုတ်ဆက်ခဲ့သည်။ အလားတူ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ဟုမ္မလင်းခရိုင်တို့မှ ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းဆောင်မည့် စစ်မှုထမ်းများအား သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးဖြင့် နှုတ်ဆက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိသာစုဝင်များမှလည်း သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြောင်း သိရသည်။