ပုသိမ် မေ ၉
ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသည့် မြို့နယ်အသီးသီးသို့ မီးသတ်ယာဉ်များဖြင့် အခမဲ့ရေပေးဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ကျောက်ကလပ်ကျေးရွာသို့ တပ်ကြပ်ကြီးအောင်နိုင်မိုး ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် (၄)ဦးတို့မှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၁၈၀၀)အားလည်းကောင်း၊ လပ္ပတ္တာခရိုင်၊ လပ္ပတ္တာမြို့နယ်၊ အပြင်ရေဆိုင်ကျေးရွာအုပ်စု၊ အပြင်ရေဆိုင်ကျေးရွာသို့ ဦးစီးအရာရှိ ဦးစိမ်းကိုကို ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၄)ဦးတို့မှ မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် ရေဂါလန်(၁၆၀၀)အားလည်းကောင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဥသျှစ်လှဘုရားသို့ ဦးစီးအရာရှိ ဦးမျိုးမင်းသူ ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်(၇)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရေဂါလန် (၈၀၀)အားလည်းကောင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ အိမ်သုံးဆယ်ကျေးရွာသို့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲလွင်ဦး ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၇)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရေဂါလန် (၈၀၀)အားလည်းကောင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက် များသို့ ဦးစီးအရာရှိ ဦးသက်နိုင်ဝင်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၄)ဦးတို့မှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၃၂၀၀)အားလည်းကောင်း မီးသတ်ယာဉ်များဖြင့် အခမဲ့ရေပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)