မော်လိုက် မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ လူငယ်များ အိုးမကွာ အိမ်မကွာဖြင့် အလုပ်အကိုင်ရရှိပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာ နိုင်စေရန်၊ လူငယ်များအနေဖြင့်ဌာန မှဖွင့်လှစ်ပို့ချသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်းမှ သင်ကြားပေးခဲ့သော အတတ်ပညာများအား လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားရေးအား တစ်ဖက်တစ်လှမ်းမှ ဆောင်ရွက်လာနိုင်စေရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင် အဝတ်အထည်ထုတ်လုပ် ဖြန့်ချိရေးလုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လာ စေရန် စသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းကို (၈-၅-၂၀၂၄)ရက်နေ့မှ (၇-၆-၂၀၂၄) ရက်နေ့အထိ တစ်လအကြာ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်ကြားမည့်ဘာသာရပ်များမှာ စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ် အသုံးပြုပုံ နှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ ကလေးအင်္ကျီ၊ ရင်ဆက်၊ ခါးဆက်ဂါဝန်ချုပ်နည်း စသည့် ချုပ်လုပ်နည်း (၁၄)နည်းကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့ကို စာတွေ့ (၃၀%)၊ လက်တွေ့(၇၀%) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)