သာယာဝတီ နိုဝင်ဘာ ၈
သာယာဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မဲရုံးပေါင်း (၁၀၇) ရုံ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အညီ နံနက် ၆ နာရီမှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနေလျက် ရှိကြောင်းသိရသည်။
ဒေသခံမဲဆန္ဒရှင်များက ဆန္ဒမဲပြားများကို တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် တဖွဲဖွဲလာရောက်မဲပေးကြခြင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင် နေကြသူများက စနစ်တကျဝိုင်းဝန်း ကူညီပေးခြင်းတို့ကြောင့် ရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနေလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ(၁၂၂၁၇၉) ဦးရှိရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၁) နှင့် (၂) တို့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတတ်ရေးပါတီတို့ မှ ကိုယ်စားလှယ်လောင်းများနှင့် ကရင်တိုင်းရင်သားလူမျိုးတွင် (၈) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။
သန့်ဇော်(သာယာဝတီ)