ကျုံပျော်တွင် ရေတော်မိုးတော်ဧကတိုင်း ပိုက်ဆံလျှော် ထည့်သွင်းရေးပညာပေးဆွေးနွေး

ကျုံပျော် မေ ၉

လယ်ယာမြေ ပျက်စီးခြင်းမှ ကာကွယ်၍ မြေဆီဩဇာ ပြည့်ဝလာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် ရေတော်မိုးတော် ဧကတိုင်း ပိုက်ဆံလျှော် ထည့်သွင်းရေး ပညာပေးဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၌ ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ကျုံပျော်ခရိုင် ဦးစီးမှူး ဦးကျော်ကျော် ဦးဆောင်သည့် စိုက်ပျိုးရေးဝန်ထမ်းများက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရန်၊ ကြဲခင်းစနစ်ပပျောက် ရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော် ဧကတိုင်း ပိုက်ဆံလျှော် ထည့်သွင်းရေးတို့ကို ကျေးရွာအတွင်းရှိ တောင်သူများအား  ပညာပေးဆွေးနွေးပြီး တာဝန်ရှိသူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့သည်။

တောင်သူများအနေဖြင့် သီးနှံအထွက်တိုးရန် ဓာတ်မြေသြဇာများ နှစ်စဉ်လွန်ကဲစွာ သုံးစွဲမှုကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ ထိခိုက်ခြင်း၊ ဓာတုဓာတ်ကြွင်းကြောင့် လူနှင့် သတ္တဝါတို့၏ အသက်အန္တရာယ် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်းဖြင့် အဆိုပါ အန္တရာယ်များကို ကျော်လွှားနိုင်ပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ကာ သီးနှံအတွက် အကျိုးဖြစ်ထွန်းမှုများ ရရှိကြောင်း၊ ကျုံပျော်မြို့နယ်တွင် (ပိုက်ဆံလျှော်) ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ တောင်သူ ပေါင်း (၁၀၆၈)ဦး၏ လယ်ဧက (၄၆၀၀) တွင် စိုက်ပျိုးခဲ့ပြီး မြေဆီလွှာပြုပြင်ရေး မြေမြှုပ်ထည့်သွင်း ဆောင်ရွက်နိုင်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)