ငဖဲ မေ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများက မြေစိုက်ပိုစတာကိုစိုက်ထူခဲ့ပြီး ပိုစတာအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကာ မြေစိုက်ပိုစတာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၃ ရက်နေ့မှ ဇွန်လ၂ ရက်နေ့အထိ သတ်မှတ်ထားကြောင်း ပါရှိသည်။
ကျောင်းအပ်နှံရေးကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မယု(ငဖဲ)