အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ

မုံရွာ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးဌာနတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် (၂၀၂၄)ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပြိုင်ပွဲများကျင်းပရာသို့ စစ်ကိုင်းတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး ရဲမှူးကြီး နိုင်လင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။ အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၆)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
အလားတူ ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွန်ပျူတာသင်တန်းခန်းမတွင်လည်း ကွန်ပျူတာပန်းချီပြိုင်ပွဲဝင် (၇)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများအား ဇွန်(၂၆)ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)