ငဖဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ငဖဲ မေ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့ စည်ပင်ကွက်သစ်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ပူးပေါင်းကာ မိုးဦးကျရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်အတွင်းရှိ နေအိမ်များတွင် ခြင်များခိုအောင်း နေထိုင်ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)