ဇလွန်မြို့နယ်တွင် မြေလွှာခွဲကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်း သရုပ်ပြပွဲကျင်းပ

ဇလွန် မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၉) စက်မှုလယ်ယာစခန်းမှ မြေလွှာခွဲကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူ ဦးရွှေထူး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ လယ်မြေတွင် မြေလွှာခွဲ ကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်း သရုပ်ပြပွဲတွင် ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်းက မြေလွှာခွဲကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်းသည် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများအား ပုံမှန်အသုံးပြုနေကြဖြစ်သည့် လယ်ယာသုံးစက်ကိရိယာများအပြင် ခေတ်နှင့်အညီထွက်ပေါ်လာ သည့်နည်းပညာအသစ် လယ်ယာသုံးစက်ကိရိယာများအား ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ Soli Compaction ကြောင့် ကျစ်လစ်သိပ်သည်းမှုဖြစ်နေသော မြေလွှာ (Hardpan) များကို ထိုးခွဲ နိုင်ခြင်းကြောင့် မြေဆီလွှာအတွင်းသို့ ရေကောင်းစွာ စိမ့်ဝင်နိုင်ခြင်း၊ (Hardpan) များကို ထိုးခွဲနိုင်ခြင်းကြောင့် ဒုံပေါက်မှုပြဿနာကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာအတွင်း အမြစ်များ အလွယ် တကူ ထိုးဖောက်ဝင်ရောက်ကြီးထွားနိုင်ခြင်း၊ Hardpan အလွှာအောက်မှ အစိုဓာတ်အား အပေါ်ယံမြေဆီလွှာအောက်မှ အလွယ်တကူ စုပ်ယူရရှိနိုင်ခြင်း၊ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် လုံလောက်စွာရရှိခြင်းကြောင့် အပင်များရှင်သန်ကြီးထွားမှုကို ပိုမိုကောင်းမွန်စေကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြေလွှာခွဲကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်း သရုပ်ပြသခဲ့ကြ သည်။

အဆိုပါ မြေလွှာခွဲကိရိယာ (Subsoiler) ဖြင့် မြေပြုပြင်ခြင်း သရုပ်ပြပွဲသို့ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)