ငရုတ်ကောင်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရေတော်မိုးတော်ဧကများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန် က ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၉၆၂)၊ ဦးပိုင်အမှတ်(၅၃)ရှိ ဦးဝင်းနိုင်၏ လယ်ယာမြေ(၃)ဧက၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စွာမင်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ကြပြီး စုပေါင်း၍ လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ဒေသခံတောင်သူများအား ၎င်းတို့၏ လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ ထည့်သွင်းစိုက်ပျိုးနိုင်ရန် မျိုးစေ့များပေးအပ်ခဲ့ ကြောင်းနှင့် လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် မြေတွင်းအာဟာရဓာတ် ကြွယ်ဝစေ၍ မြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်း၊ သီးနှံ အထွက်နှုန်းတိုးတက်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)