မြို့သစ်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ထောက်ပံ့ပေးအပ်

မြို့သစ် မေ ၉

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့သစ်မြို့နယ်တွင် မေလ ၂  ရက်နေ့  မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာအုပ်စု (၅)အုပ်စုရှိ ကျေးရွာ(၇)ရွာတို့မှ လေးဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုထွေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်မျိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်တို့က လေဘေးသင့် ပြိုကျအိမ်ခြေ (၂)လုံး၊ အမိုးလန်အိမ်ခြေ (၆၉)လုံး၊ စုစုပေါင်းအိမ်ခြေ (၇၁)လုံး၊ လူဦးရေ (၃၁၅)ဦးနှင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၆၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး (၆၆၁၅၀၀/-)၊ စုစုပေါင်း ၃၄၂၁၅၀၀/(ကျပ်သုံးဆယ့်လေးသိန်းနှစ်သောင်းတစ်ထောင်ငါးရာတိတိ)နှင့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးကို လေဘေးသင့်အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)