နတ်မောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

နတ်မောက် မေ ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မေလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မေလ ၃ ရက်နေ့က လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကြောင့် ကျေးရွာ(၃)ရွာတွင် နေအိမ်အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါပျက်စီးဆုံးရှုံးမှုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက သရက်ချဉ်ကျေးရွာ၊ သက်ရင်းတောကျေးရွာနှင့် ထနှောင်းလှကျေးရွာများရှိ အမိုးလန်သည့် လူနေအိမ်(၁၁)လုံးအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေများကို ဆုံးရှုံးသည့် အမျိုးအစားအလိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် သရက်ချဉ်ကျေးရွာနှင့် သက်ရင်းတောကျေးရွာရှိ လေဘေးကြောင့် အမိုးလန်ပျက်စီးသည့် နေအိမ်(၁၀)လုံးနှင့် ထနှောင်းလှကျေးရွာရှိ လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၁၁)လုံးအတွက် ဆုံးရှုံးသည့် အမျိုးအစားအလိုက် ထောက်ပံ့ငွေ(၃၉၉၂၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း