မကွေး မေ ၉
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဧပြီလ ၂၂ ရက်နေ့မှစတင်၍ ရက်သတ္တပတ် (၅) ပတ် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံလေကြောင်းလူငယ်သင်တန်းစခန်း(မကွေး)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းသိပ္ပံပညာရပ် သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ၊ သင်တန်းခန်းမအတွင်း သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အခြေခံလေကြောင်းလူငယ်သင်တန်းစခန်းသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများသည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီးသန်းနိုင်ညွန့်၊ မကွေးတပ်နယ်မှူးတို့နှင့်အတူ အခြေခံလေကြောင်း လူငယ်သင်တန်းတွင် စစ်ရေးပြဘာသာရပ်ပို့ချနေမှုနှင့် သင်တန်းသားစားသောက်ဆောင်များကို ကြည့်ရှုစစ်ဆေးကာ၊ သင်တန်းသားများအား သင်တန်းခန်းမအတွင်း တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံလေကြောင်းလူငယ်သင်တန်းကို တက်ရောက်ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချသင်ယူရသောကြောင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်လူငယ်များဖြစ်၍ အသိပညာ/အတတ်ပညာရပ်ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ယခုသင်တန်းတက်ရောက်ကြသည့် လူငယ်များ အနေဖြင့် မိမိတို့ရပ်ရွာရှိ မိတ်ဆွေ အပေါင်းအသင်းများကို သင်တန်းက ပို့ချလိုက်သည့် လေကြောင်းပညာဗဟုသုတများ၊ နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေပေးသွားဖို့ တိုက်တွန်းပြောကြား လိုကြောင်း၊ သင်တန်းမှ ပညာရပ်ကို စိတ်ပါဝင်စားလာပြီး မိမိဒေသအတွက် အကျိုးပြုမည့် လေကြောင်းဆိုင်ရာ ပညာရှင်များထွက်ပေါ် လာမှာဖြစ်ကြောင်း၊ ဒီသင်တန်းမှာ လူငယ် တို့ အနေဖြင့် လေကြောင်းသိပ္ပံ ပညာရပ်ကို ကိုယ်တိုင်ဆည်းပူး၊ လေ့လာ၊ တည်ဆောက်သင်ယူကြရတဲ့အတွက် လေယာဉ်လိုက်ပါစီးနင်းခြင်း၊ RCလေယာဉ်Simulatorမောင်းနှင်ခြင်း၊ Radio Control / Remote Control လေယာဉ်/ ရဟတ် ယာဉ်မောင်းနှင်မှုပြိုင်ပွဲအပြင် နေပြည်တော်မြို့ မှာရှိတဲ့ ဗဟုသုတရရှိစေမည့်နေရာများကို လေ့လာရေးသွားရောက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ အနေဖြင့် ကမ္ဘာမှာ အရေးပါ လာသည့် ဒီလေကြောင်း သိပ္ပံပညာရပ်များကို ထက်မြက်ထူးချွန်စွာ ကြိုးစားအားထုတ်သင်ယူလေ့လာသွားကြဖို့ မှာကြားလိုကြောင်း၊ နောင်တစ်ခေတ်ရဲ့ မျိုးဆက်သစ်လေကြောင်းသိပ္ပံ ပညာရှင် များဖြစ်အောင် ရည်ရွယ်ချက်ထားပြီး ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝတဲ့ ကျောင်းသား/ကျောင်းသူများပီပီ ကိုယ့်အစွမ်းအစကို ဒီသင်တန်းမှာ အပြည့်အဝ အသုံးချကြိုးစားဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံလေကြောင်း လူငယ်သင်တန်းသားများအတွက် ထောက်ပံ့ငွေများ သင်တန်းသားတစ်ဦးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေကြောင်းလူငယ်သင်တန်းသားများ၏ လေယာဉ်ပျံသန်းမှု အခြေခံ ဘာသာရပ် RC လေယာဉ်နှင့် Simulator မောင်းနှင်ပျံသန်းခြင်းအား ကြည့်ရှုအားပေးကာ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လယ်စာထမင်းကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ