အောင်လံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေး မေ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို မေလ ၇ ရက်နေ့က အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ သဲအင်းဂူလမ်းရှိ အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ အောင်လံမြို့နယ်တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

 ယင်းနောက် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် အောင်လံမြို့နယ်တရားရုံး (၉၀ ပေ X ၇၀ ပေ)၊ ၄ ထပ် RC အဆောက်အဦအသစ်အား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၂၂၈၀.၇၆၈) သန်းဖြင့် နန်းထိုက်ဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပါကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင်  အများပြည်သူများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိကြသော တရားသူကြီးများသည် နိုင်ငံတော်၏ စေတနာကို အလေးထားတန်ဖိုးထားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ထားရှိသော မဟာဗျူဟာစီမံကိန်းနယ်ပယ်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကာဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မှန်မှန်နှင့် မြန်မြန် အမှုများကို စစ်ဆေးစီရင်၍ ပြည်သူများ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးစနစ်ဖြစ်ပေါ်စေရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရုံးသစ်အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား နန်းထိုက်ဝင်းကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတစ်ဦးက ပေးအပ်ရာ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က လက်ခံရယူခဲ့ပြီး အောင်လံမြို့နယ်တရားသူကြီး ဦးစည်သူကျော်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ