ငါးသိုင်းချောင်းမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်အခမ်းအနားကျင်းပ

ငါးသိုင်းချောင်း မေ ၈

ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးစီးကျင်းပသော မေလ(၈)ရက် ကမ္ဘာကြက်ခြေနီနေ့ ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦသန်းချစ်အေးက လာရောက်၍ အဖွင့်အမှာစကားပြောကြားကာ မြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေးမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌကြီးမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် ရေကြည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်သန်းသန်းမြင့် မှ ကြက်ခြေနီလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် မြို့ကြက်ခြေနီအသင်းဝင် လူငယ်များကလည်း အပူလှိုင်းဒဏ်ကာကွယ်ရေး သရုပ်ပြကို တင်ဆက်ပြီး (၇၅) နှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ကြသော အမှုဆောင်များကိုလည်း ဂုဏ်ပြုကန်တော့လက်ဆောင်များ ပေးအပ်ခဲ့ကာ သရုပ်ပြအသင်းဝင်လူငယ်များကိုလည်း ဂုဏ်ပြုထူးချွန်ဆုများ ချီးမြင့်ပေးအပ်ခဲ့သည်။

ထို့နောက် မြို့အသင်းခွဲငယ်ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားပြီ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)