ဘားအံ မေ ၈
ကရင်ပြည်နယ်အတွင်း ယခုနှစ်နွေရာသီတွင် နွေစပါး(၁၁၃၈၈၀)ဧက စိုက်ပျိုးရန်လျာထားပြီး (၁၁၃၉၆၇)ဧက စိုက်ပျိုးပြီးစီးခဲ့ရာ လျာထားဧကထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စုရှိ အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေးပြီး စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စုရှိ တောင်သူဦးစိုးဌေးပါ (၁၄) ဦး၏ အောင်မြင်ဖြစ်ထွန်းနေသောနွေစပါး GW 11 တစ်ကွင်းတစ်ဆက်တည်းဧက (၈၀)စိုက်ခင်းအား ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်နှင့်တာဝန်ရှိသူများက ရေကျော်(မကျီးကျွန်း)ကျေးရွာ အုပ်စုအတွင်း နွေစပါးနှင့်အခြားသီးနှံများကို နှစ်သီးစားမှ သုံးသီးစားအထိ တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊မြေလပ်မကျန် တိုးချဲ့စိုက်ပျိုးကြရန်၊ လာမည့်မိုးစပါးအတွက် သစ်စိမ်းမြေဩဇာမျိုးများ ဖြန့်ဖြူးပေးနိုင်ရန်၊ လယ်ယာမြေများ ထပ်မံဖော်ထုတ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။
ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စုတွင် နွေစပါး ၁၆၅ ဧကအပြင် မိုးစပါး၊ ပဲတီစိမ်း၊ နွေနှမ်း အစရှိသည့် အခြားသီးနှံများကို သီးထပ်သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ စိုက်ပျိုးလုပ်ကိုင်ကြပြီး တောင်သူများက စိုက်ပျိုးရေရရှိရေးနှင့် သွင်းအားစုများရရှိနိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လာမည့်မိုးရာသီတွင် ပြည်နယ်အတွင်း ပျိုးပင်ပေါင်း ၂၇၀၀၀၀ ကျော်စိုက်ပျိုးနိုင်ရေး ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘားမဲတောင်အနီးရှိ မြို့နယ်သစ်တောဦးစီးဌာနရုံး၊ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(၂၀၂၄ မိုးရာသီ)တွင် မြို့နယ်အလိုက် ဖြန့်ဝေစိုက်ပျိုးရန်အတွက် လူထုဖြန့်ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေ၊ ၂၀၂၄ မိုးရာသီတွင် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် လူထုအသိပညာပေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်၍ ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရန် မှာကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် အမြင့်(၂)ပေနှင့်အထက်ရှိသော ပျိုးပင်များရရှိနိုင်ရန် မြို့မပျိုးဥယျာဉ်အတွင်း မန်ဂျန်ရှား၊ ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ မဟော်မနီ အစရှိသော သစ်မျိုး ၁၇ မျိုး၏ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ပျိုးပင်ပေါင်း ၂၇၀၀၀၀(နှစ်သိန်းခုနှစ်သောင်း)ကျော်ကို သစ်တော၊ သစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူသားများ၏ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တော၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုသကဲ့သို့ သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပြည်သူများသို့ဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများသို့ဖြန့်ဝေပေးခြင်း၊ တပ်ရင်းတပ်ဖွဲ့များသို့ဖြန့်ဝေပေးခြင်း၊ သစ်ပင်စိုက်ပွဲတော်များကျင်းပပြုလုပ် ခြင်း၊ လမ်းဘေးဝဲယာစိုက်ပျိုးခြင်း၊ ကျေးရွာတစ်ရွှာ(၂)ဧက စိုက်ပျိုးခြင်းနည်းလမ်းများဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအားကစားဆပ်ကော်မတီများ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်အားကစားသင်တန်းမျာအဖြစ် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမတွင် ဂျူဒို၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်အားကစားသမားများနှင့်နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာအားကစားနည်းများအလိုက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
နွေရာသီအဆင့်မြင့်အားကစားသင်တန်းများအဖြစ် ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဂျူဒို၊ ဘောလုံး၊ ကရာတေးသင်တန်းများကို ဘားအံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံးများ၌ မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အားကစားသမားပေါင်း ၂၃၆ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)