ကျောင်းကုန်း မေ ၈
၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် "ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်ပိုင်း၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်ကြက်ခြေနီသူနာပြုအသင်းခွဲဥက္ကဋ္ဌ ဦးကြည်စိန်က ဖတ်ကြားခဲ့သည်။
ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံး ကြက်ခြေနီလူမှုဂရုဏာကွန်ရက်ကို စတင်အုတ်မြစ်ချပေးခဲ့သူ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့်၏ ထူးခြားမွန်မြတ်တဲ့မွေးနေ့ကို ၁၉၄၈ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ရာ ယနေ့ဆိုလျှင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့၏ ဆောင်ပုဒ်မှာ "လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး" ဖြစ်သည်။
ထို့နောက် မြို့နယ်အတွင်း ယာဉ်မတော်တဆဖြစ်မှုများတွင် ရှေးဦးပြုစုခြင်းဖြင့် ကူညီပေးသူ များအားလည်းကောင်း၊ သွေးလှူရှင်အဖွဲ့များအားလည်းကောင်း၊ သူနာတင်ယာဉ်အဖွဲ့များ အားလည်းကောင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်း နှင့် ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုအသင်းခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)