ထားဝယ် မေ ၈
၁၃၈၆ ခုနှစ် ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှူးမှ ကြီးမှူးကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လာမည့်ကဆုန်လပြည့်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် ဌာနဆိုင်ရာပေါင်းစုံနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ စည်ကားသိုက်မြိုက်စွာနှင့် သန့်ရှင်းသန့်ရပ်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆောင်ရွက်ရမည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအားရှင်းလင်းဆွေနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ရေရရှိရေး စသည်တို့ကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)