မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် အင်းလေလံနှင့် ပိုက်ချက်တင်ဒါရောင်းချပွဲကျင်းပ

မြန်အောင် မေ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် အင်းလေလံနှင့်ပိုက်ချက်တင်ဒါရောင်းချပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ရရှိရန် ယခုလေလံပွဲတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လေလံဆွဲဝယ်ယူကြရန် ပြောကြားသည်။         

ဆက်လက်၍ မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်ဦးနှင့် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဒေါ်မော်မော်ဝင်းတို့က ခရိုင်အတွင်းရှိ အင်း/ပိုက်ချက်တင်ဒါများနှင့် အင်းလေလံစည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြသည်။

မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်များမှ အင်းများကို စျေးပြိုင်စနစ်နှင့် ပိုက်ချက်တင်ဒါများကို အိတ်ပိတ်တင်ဒါစနစ်ဖြင့် (ပထမ) အကြိမ် ရောင်းချခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်အတွက် မြန်အောင်ခရိုင်အတွင်း (၁)နှစ်ကျန် (၂)နှစ်ကျန် ၊ အသစ် ကြေးတိုင်အင်း၊ သုတေသနအင်း စုစုပေါင်း (၇၇)အင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုချ ထားခဲ့ပြီး ကျန်အင်းပေါင်း (၃၇)အင်းကို စျေးပြိုင်စနစ်ဖြင့်လည်းကောင်း၊ ပိုက်ချက်တင်ဒါပေါင်း (၁၄) ချက်ကို အိတ်ပိတ်တင်ဒါစနစ်ဖြင့်  ရောင်းချသွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)