ပိုင်ကျုံမြို့၌ တစ်နိုင်တစ်ပိုင် ကျွဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်

ပိုင်ကျုံ  မေ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး လယ်ယာလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုသည့်  ကျွဲများကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိကြောင်း သိရသည်။

ကျွဲငယ်ကလေးများ သန်ကောင်ရောဂါကြောင့် သေပျောက်မှုမရှိစေရေးအတွက် ကျွဲမများအား သားမစပ်မီ သန်ချဆေးများတိုက်ကျွဲရန်လိုအပ်ကြောင်း၊ ကျွဲငယ်များအား ၁၅ ရက်သားတွင် တစ်ကြိမ် ၄၅ ရက်သားတွင်တစ်ကြိမ် သန်ချဆေးများ တိုက်ကျွဲ သင့်ကြောင်း၊ ရေဝပ်ရေကြီးခြင်း မရှိသောကုန်းမြင့်ဒေသနှင့် သောက်သုံးရေ လုံလောက်စွာရရှိနိုင်သည့် နေရာများတွင် ရွေးချယ်မွေးမြူသင့်ကြောင်း၊ ခိုင်းကျွဲအထီးများအနေဖြင့် အသက် (၃-၄)နှစ်အတွင်း အခိုင်းကျင့်ပေးပြီး အရွယ်ရောက်မှသာ သင်းကွပ်သင့်ကြောင်း၊ ကျွဲများကို ခြံလှောင်စနစ်ဖြစ်လည်းကောင်း၊ လွှတ်ကျောင်းသည့်စနစ်ဖြစ်လည်းကောင်း သင့်လျော်ရာဖြင့် မွေးမြူနိုင်သည့်အတွက် ကုန်ကျစရိတ် သက်သာကာ အစာဖိုးသီးသန့်မကုန်ကြောင်း၊  ကျွဲများမွေးမြူခြင်းကြောင့် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရာတွင် အထောက်အကူပြုသလို လယ်ယာမြေနှင့် ကောက်ပဲသီးနှံကောင်းမွန်စေရေးအတွက် လိုအပ်သည့် သဘာဝမြေသြဇာများလည်း ရရှိကြောင်းကုန်စျေးနှုန်း မြှင့်တက်သည့်အချိန်တွင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရာ၌ အသုံးစရိတ်သက်သာစေရေးအတွက် ကျွဲများကိုလည်း ပိုမိုမွေးမြူလာသင့်ကြောင်း တစ်နိုင်တစ်ပိုင် ကျွဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသနေပြည်သူအများစုသည် ကျွဲမွေးမြူရေးလုပ်ငန်းများကို လွတ်ကျောင်းသည့်စနစ်ဖြင့် မွေးမြူလျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)