လိပ်သို မေ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ သက်လုံ၏ “ တတိယနားဖြင့်နားထောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေ ဖတ်ရှုခြင်းသည် စိတ်ဓာတ်ခွန်အားသာမက ဉာဏ်ရည်ခွန်အား အကျိုးကျေးဇူးများပါ ရရှိစေသည့် အတွက် စာအုပ်များ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ ယခုလို စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို မျှဝေဖလှယ်ကာ ရင်းနှီးချစ်ခင်စေကြောင်း စသည့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ သက်လုံ ရေးသားသော “ တတိယနားဖြင့် နားထောင်ခြင်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောပက်ထရစ်ချစ်ဦး “ အသိပညာကိုရှာဖွေရာတွင် စူးစမ်းခြင်းသည် လွန်စွာအရေးပါသော လက်နက်ပစ္စည်းတစ်ခု ဖြစ်ပေရာ ပညာကို လိုလားသူမှန်သမျှ စူးစမ်းခြင်း အလေ့အထကို မွေးမြူရမည်ဖြစ်ကြောင်း၊ ယနေ့ထွန်းကားနေသော သိပ္ပံပညာ၏ အသက်သွေးကြောသည် စူးစမ်းခြင်းပင်ဖြစ်ကြောင်း၊ စူးစမ်းခြင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါးကို ဆက်စပ်ကြည့်သော အတတ်ဖြစ်ကြောင်း ” စသည်ဖြင့် “လေ့လာစူးစမ်း လျှောက်မည့်လမ်း” ခေါင်းစဉ်ပါ အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် လူငယ်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စာရေးဆရာ သက်လုံ၏ “ တတိယနားဖြင့်နားထောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကြောင့် လူငယ်များအတွက် များစွာ အကျိုးရှိစေပါကြောင်း၊ စူးစမ်းခြင်းသည် မနုဿ လူသားတို့အတွက် လိုအပ်သော အရာတစ်ခုဖြစ်ပါကြောင်း အသိပညာ ဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)