ရွှေဘို မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ၊ မော်ဓောမြင်သာမြို့ထောင့်စေတီတော်ဘုရား အရှေ့ဘက်မုဒ်ဦး အာရုံခံဓမ္မာရုံ၌ လုံးတော်ပြည့် ကြေးပြားခံ ရွှေသင်္ဃန်းကပ်လှူ ပူဇော်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပခန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝိဿုတနှင့်ပင့်သံဃာတော် ၁၀ ပါး၊ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ၊စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်အောင်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး အောင်ရာဇာဖြိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စေတီတော်ဘုရား ဂေါပကအဖွဲ့ဒုဥက္ကဋ္ဌ ဦးအောင်ကြီးနှင့်အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖအဖွဲ့များ၊ဖိတ်ကြားထားသော အလှူရှင်များစုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ပခန်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရွှေသင်္ဃန်းကပ်လှူပူဇော်ရန်အတွက် အလှူတော်ငွေ ၃၇၈၅၀၀၀၀ ကျပ်အား စစ်နယ်မြေမှူးကြီးဗိုလ်မှူးကြီးအောင်အောင်မှ ပေးအပ်ခဲ့ရာ စေတီတော်ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌဦးအောင်ကြီးမှ လက်ခံရယူခဲ့သည်။
ထို့နောက် နန်းဦးကျောင်းဆရာတော်ဘဒ္ဒန္တ ကုမာရမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာ တရားဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊တက်ရောက်လာသူများမှ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)