ပဲခူး မေ ၈
ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပဲခူးတိုင်းဒေသကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/သူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဝင်ရောက်ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ”၊ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်”၊ “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက် ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့”နှင့် “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံး ကျန်းမာရေး”စသည့် ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ စုစုပေါင်းကျောင်းသား/သူ ဦးရေ(၈၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)