ဒိုက်ဦး မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄-ခုနှစ်) အထိမ်းအမှတ် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မိုးမိုးအေးက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးဆောင်ပုဒ်ဖြစ်သည့် “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့်အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့်သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များက အသက်(၂)နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား လိုအပ်သည့်ကာကွယ်ဆေးများထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)