(၂၀၂၄) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား မြိတ်မြို့တွင် ကျင်းပ

မြိတ်   မေ    ၈

“လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” (၂၀၂၄)ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ပြီး လူမှုကရုဏာလုပ်ငန်းတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများနှင့်  ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ 

ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသားကြက်ခြေနီ၊ လခြမ်းနီအသင်းများသည် ကြက်ခြေနီ လူမှုကရုဏာကွန်ရက်ကို စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူးနန့်အား ဂုဏ်ပြုသည့်အနေဖြင့် ဟင်နရီဒူးနန့်မွေးနေ့ မေလ(၈)ရက်နေ့ရောက်တိုင်း  ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြကြောင်း၊  အထူးအားဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေကို စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ စာနာ စိတ်တို့ဖြင့် ကြက်ခြေနီလခြမ်းနီ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေကြသူများ အားလုံးကို အသိအမှတ်ပြု လေးစား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားများကို နေရာဒေသများအလိုက် ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။     

 အခမ်းအနားတွင် (၂၀၂၄)ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာအား မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ဖတ်ကြားသည်။ ထို့နောက် မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာတင်စိုးမိုးက  မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ အခမဲ့ဆေးကုခန်း ရေရှည်တည်တံ့စေရေးအတွက် ပြည်ဖြိုးထွန်း ကုမ္ပဏီမှ ကျပ်သိန်း(၁၀၀)၊ ထူးထူးတိုးကုမ္ပဏီမှ ကျပ်သိန်း(၃၀)၊ ဖိုးလမင်းကုမ္ပဏီမှ ကျပ်(၁၀)သိန်းနှင့် မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ကျပ်(၁၀)သိန်း စုစုပေါင်းအလှူငွေကျပ်သိန်း(၁၅၀)ကို လှူဒါန်းပေးအပ်ရာ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် အခမဲ့ဆေးကုခန်း မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆု၊ အခမဲ့ဆေးကုခန်း ဆေးကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးနေသော ဆရာဝန်များနှင့် အကူသူနာပြုသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ်  အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်းအကြောင်း အသိပညာပေးပြခန်းနှင့် မြိတ်မြို့နယ်ကြက်ခြေနီ၏ ဆောင်ရွက်မှုမှတ်တမ်းများ၊ ရှေးဦးပြုစုခြင်းပညာရပ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပြသထားရှိမှုအား  အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

ခိုင်ထူး (ပြန်/ဆက်)