ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ်   မေ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ၁၉ ရာစုနှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များကို စကောကရင်မြန်မာ နှစ်ဘာသာဖြင့် ကျောင်းသား/သူလူငယ်လေးများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်သိရှိစေရေးအတွက် နံရံကပ် စာစောင်များ ပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူကလေးငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)