ငရုတ်ကောင်းတွင် မဲရုံပေါင်း(၃၇)ရုံဖြင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်

ငရုတ်ကောင်း   နိုဝင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံပေါင်း(၃၇)ရုံဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၆ နာရီကစတင်၍စနစ်တကျဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                                                                                                 

ရှေးဦးစွာ နံနက် ၆ နာရီတွင် မဲရုံမှူးများက မဲရုံစတင်ဖွင့်လှစ်ကြောင်းကြေညာပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၍ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံတာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြသည်။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးကို အထူးဂရုပြုဆောင်ရွက်ပြီး မဲရုံအဝင်တွင် ပါးစပ်နှာခေါင်းစည်းအသစ် လဲလှယ်တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်အသုံးပြုခြင်း၊ ကိုယ်အပူ တိုင်းတာခြင်း၊ အဝင်အထွက်လမ်းများနှင့် မဲရုံတွင်းတို့တွင် (၆)ပေကွာနေရာများ သတ်မှတ်ပေးထားခြင်း တို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပါတီ(၉)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၉)ဦး၊ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)