ရွှေတောင် မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယနေ့နံနက်(၈း၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးမျိုးအောင်နှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေး ကိစ္စရပ်များကိုဆွေးနွေးမှာကြားခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံပြည်မြို့ ကျောင်းအုပ်ဆရာကြီးဦးမင်းဇော်ဦးက စက်မှုဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးအောင်စိုးမိုးက စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ၊ ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာသန်းဇော်ဦးက မွေးမြူရေးဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို အသီးသီးအသိပေးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၉၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးမျိုးအောင်သည် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ရွှေတောင်)ရှိ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)