ညောင်လေးပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်

ညောင်လေးပင် မေ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Valing Machine-MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် ၁၀ နာရီက သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိဒေါ်နန်ယုဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၊ မြို့နယ်အတွင်းရှိမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုစုပေါင်း (၃၆၉) ဦး တက်ရောက်၍ ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အကြံပြု‌ပြောကြားခြင်းများအား တာဝန်ရှိသူများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)