ပေါင်းတည် မေ ၈
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးဌေးလွင်စိုး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးရွှေက သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းရံသင်တန်းသို့တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှသင်တန်းသား ၂၀ ဦးတို့က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ကြသည်။ အဆိုပါ ဆောင်ရွက်မှုသည်ကျေးလက်နေပြည်သူများအနေဖြင့်ပန်းရံအတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့်အသက်မွေးဝမ်းကြောင်းထောက်အကူဖြစ်စေရန် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသင်တန်းကို မေလ ၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၂၀ ရက်ကြာနည်းပြဆရာများက စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ သိရသည်။
သူရကြီး(ပြန်/ဆက်)