ညောင်လေးပင် မေ ၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်တွင် ခရိုင်အဆင့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ညောင်လေးပင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၁၄)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကြိုက်နှစ်သက်ရာခေါင်းစဉ်တစ်ခုဖြင့်သာ ဖြေဆိုရေးဆွဲရမည်ဖြစ်ရာ အဆိုပါ ခေါင်းစဥ်များမှာ “မူးယစ်ရန်စွယ်အသွယ်သွယ်အန္တရာယ်ဟူသမျှရှောင်ရှားကြ”၊ “မူးယစ်ဆေးဝါး ကာကွယ်ရေးအသိပညာမြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံး လူညွှန့်တုံးစည်းလုံးတိုက်ပစ်ထိုမူးယစ်”၊ “လူ့ဘောင်သာယာ လှပဖို့ နွေးထွေး ပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့”၊ “ မူးယစ်ကင်းကွာ ပပျောက်ဖို့ လူကြီးလူငယ် လက်တွဲစို့”၊ “ခွဲခြားနှိပ့်ချကင်းစင်ဝေးကာကွယ်ရေးကို အလေးပေးလူသားအားလုံးကျန်းမာရေး”၊ စသည့် ခေါင်း စဉ်များဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာ ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၇) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)