မင်းဘူး မေ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ကုန်တင်ယာဉ်များ အောင်မြင်စွာ ပြန်လည်ရောက်ရှိ၍ မော်တော်ယာဉ်နှင့် ယာဉ်မောင်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ည ၉ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ နမ္မဒါဘိုးဘွားရိပ်သာ၌ ကျင်းပပြုခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်တင်ယာဉ်မောင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများက ကုန်တင်ယာဉ်များအား သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ကုန်တင်ယာဉ်မောင်းများနှင့်တွေ့ဆုံစဉ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်၊ လူသားချင်းစာနာထောက်ထား၍ မိသားစုစိတ်ဓာတ်ဖြင့် ကိုယ်ကျိုးစီးပွားကို မထည့်တွက်ဘဲ ကုန်စည်များအား ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး သွားရောက်ပို့ဆောင်ပေးခဲ့ကြသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များကို နိုင်ငံတော်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြု၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း ပြောကြားပြီးနောက် ကုန်တင်ယာဉ်မောင်းများအား ရေသန့်နှင့် ထမင်းဘူးများကို ဝေငှပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး စားသုံးရေးရာဦးစီးဌာနက ကုန်တင်ခ(ယာဉ်သယ်ယူစရိတ်) သတ်မှတ်နှုန်းထားများကို ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေးပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာပြတ်လတ်မှုမရှိစေရေးနှင့် စားသောက်ရေးအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ကုန်စည်များပို့ဆောင်ပေးရာတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ ကုန်စည်ပို့ဆောင်ရေး အရပ်ဘက်မော်တော်ယာဉ် ၂၅ စီးဖြင့် အခြေခံစားသောက်ကုန်များ တင်ဆောင်ပြီး မင်းဘူး-ပဒါန်း-အမ်း ကားလမ်းအတိုင်း ဧပြီလ ၃၀ ရက်နေ့က သွားရောက်ပို့ဆောင်ပေးခဲ့ရာ မေလ ၂ ရက်နေ့တွင် အမ်းခရိုင်၊ အမ်းမြို့နယ်သို့ အချိန်မီရောက်ရှိပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြကြောင်း၊ အဆိုပါ ကုန်စည်မော်တော်ယာဉ်များပေါ်တွင် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများပါဝင်ပြီး အမ်းမြို့နယ်ရှိ ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံများက တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပို့ဆောင်ပေးသည့် ကုန်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်ရေးနှင့် ပြန်လည်ရောက်ရှိနိုင်ရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မေလ ၇ ရက်နေ့ ညပိုင်းတွင် မင်းဘူးမြို့သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)