ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် မေ

ကယားပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြေယာကိစ္စရပ်များဆောင်ရွက်ရာ၌ ကော်မတီဝင်များနှင့်သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြီးပြတ်မှုမရှိသေးသော မြေယာအမှုတွဲများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အမှုတွဲများအား ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လယ်ယာမြေတွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုမရှိစေရေး စံပြုလုပ်ထုံးလုပ်နည်းများအတိုင်း ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လှပ်မြေများ ဖော်ထုတ်စိုက်ပျိုးနိုင်မှု တိုးတက်စေရေး၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်ရရှိထားသူများအား သတ်မှတ်ကာလအတွင်း စည်းကမ်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှိ/ မရှိနှင့် နှစ်စဉ်မြေခွန် အပြည့်အဝကောက်ခံရရှိရေးတို့အား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ပြည်နယ်ကြေးတိုင်/ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)