လက်ပံတန်း မေ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄-၂၀၂၅၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီးသံပန်းသံဂဟေဆက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး၊ မိသားစုဝင်ငွေများ တိုးပွားစေနိုင်မည်ဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆရာတစ်ဦးက စတီးသံပန်းစက်အကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို မေ ၈ ရက်မှ ၁၄ ရက်ရက်နေ့ထိ ၇ ရက်တာပို့ချသွားမည်ဖြစ်ပြီး၊ ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)