သဲကုန်းမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

သဲကုန်း မေ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးကျော်လှိုင်၊ ပြည်မြို့အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဦးမင်းဇော်ဦး၊ နတ်တလင်းခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းတို့လိုက်ပါလျက် သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ဆောက်လုပ်လျက်ရှိသောစက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း RCC ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကျောင်းဆောင်သစ်ဆောင်ရွက်ပြီးစီးနေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို Bo Minn Bo    Construction Co., Ltd မှ တာဝန်ရှိသူက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့်အဖွဲ့အား  ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ ဝန်ကြီးမှအရည်အသွေးပြည့်မှီရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သည် ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၄၅၃.၀၀၀) ကျပ်သန်း ဖြင့် (၁၁၈ ပေ - ၉၆ ပေ) (၁) ထပ် RCC ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ သဲကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း) သာဓုခန်းမတွင် Grade-9  အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင်တက်ရောက် သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံ၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပြည်မြို့အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမင်းဇော်ဦးက စက်မှုဘာသာရပ်နှင့်သက်ဆိုင်သောသိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး၊ နတ်တလင်းခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းက စိုက်ပျိုးရေး/မွေးမြူရေး ဘာသာရပ်နှင့်ပတ်သက်သောသိကောင်းစရာများအား အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ ဆက်)