ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

ပုသိမ် မေ ၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ အကနည်းပြဆရာမများနှင့် တိုင်းရင်းသား ရိုးရာအက သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းပေါင်း(၂၁၂၂) ကျောင်းတွင် စကောကရင်၊ ပိုးကရင်၊ ရခိုင်နှင့် အရှိုချင်း တိုင်းရင်းသားဘာသာစာပေ(၄)မျိုးကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယခုကဲ့သို့ တိုင်းရင်းသားရိုးရာ အကသင်တန်း တက်ရောက်ခွင့်ရရှိသည့် ကရင်၊ ရခိုင်၊ ချင်း TA/LT ဆရာမများနှင့် ပြင်ပတိုင်းရင်းသူများသည် တိုင်းရင်းသားမျိုးနွယ်စု တစ်ခုနှင့်တစ်ခု ရိုးရာဓလေ့၊ ထုံးတမ်း၊ စာပေယဉ်ကျေးမှုကို ပိုမိုလေးစားတန်ဖိုးထားတတ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းရင်းသား ရိုးရာအကများကိုလည်း ယှဉ်ပြိုင်ရသည်ဖြစ်သဖြင့် များစွာအထောက်အကူပြုပါကြောင်း၊ မြို့နယ်အသီးသီးတွင်ရှိသည့် တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း အဖွင့်အမှာစကားများပြောကြားပြီး သင်တန်းနည်းပြဆရာမများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကရင်တိုင်းရင်းသား ရိုးရာအကအဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့တို့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)