ဘားအံ မေ ၈
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ ရသဝေါအင်း ကန်ပတ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကန်ပတ်လမ်း အပိုင်း(၁) အရှည် ၇ ဒသမ ၃ ဖာလုံအား ၁၆ ပေ အကျယ်၊ အမြင့် ၄ ပေ ၉ လက်မ မြေသားတာပေါင်ဖို့ခြင်း၊ ကန်ပတ်လမ်းအပိုင်း(၂) အရှည် ၄ ဒဿမ ၇ ဖာလုံအား ၁၆ ပေ အကျယ်၊ အမြင့် ၄ ပေ ၉ လက်မ မြေသားတာပေါင်ဖို့ခြင်း၊ Box Culvert (၈)စင်းတည်ဆောက်ခြင်း၊ လုပ်ငန်းအားလုံး၏ ၄၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှုနှင့် ရသဝေါအင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ပြ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အများပြည်သူ စွန့်ပစ်ပစ္စည်းများအား စည်းစနစ်တကျစွန့်ပစ်နိုင်ရေး ဘားအံမြို့၊ တောင်ကလေးတိုးချဲ့ကွက်သစ်ရှိ မြေဧရိယာ ၂ ဒသမ ၆ ဧက ပေါ်တွင် ၁၄၅ ပေ၊ ၁၀၀ ပေ အကျယ်၊ အနက် ပေ ၂၀ ရှိ အမှိုက်ကျင်း ၂ ကျင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့် တာဝန်ရှိသူများက ယခင်စွန့်ပစ်သည့်နေရာအားပိတ်သိမ်းပြီး စည်းစနစ်ကျသော အမှိုက်ကျင်း (အမှိုက်စွန့်ပစ်ရန်နေရာ) ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး ဝဲဘက်ရေမြောင်း ပလက်ဖောင်း အရှည် ၁၇၈၀ ပေနှင့် ယာဘက်အရှည် ၁၈၅၃ ပေ ဆောင်ရွက်ပြီးစီးသည့်အခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေး ဝဲဘက် ၃၀၈၀ ပေနှင့် ယာဘက် ၃၄၀၄ ပေ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာသက္ကရာဇ်(၁၃၈၆)ခုနှစ်၊ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော် ပွဲမဟာမင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၁၁ ခုကိုဖွဲ့စည်းပေးထားပြီး လုပ်ငန်းတာဝန်များကို ခွဲဝေပေးထားပြီးဖြစ်သည့် အတွက် နှစ်စဉ်ကျင်းပခဲ့သည့် သမိုင်းကြောင်းအစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မုခ်ဝမှ ကမ်းနားလမ်း တစ်လျှောက်တွင် ပဲဆွမ်းလောင်းလှူဆက်ကပ်နိုင်ရေး၊ ဧည့်ပရိသတ်များအား စတုဒိသာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးနိုင်ရေးနှင့် လစ်ဟာမှုမရှိစေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)