တိုင်းဒေသကြီးဝန်ကြီးချုပ် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေး တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးများနှင့် တွေ့ဆုံ

ပုသိမ် မေ ၈

ဧရာဝတီတိုင်းဒေသကြီး အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးများနှင့် တွေ့ဆုံပွဲကို မေလ (၆)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ခံများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီး၏ အားကစားကဏ္ဍပိုမိုမြင့်မားလာစေရေးအတွက် အကြံပြု ဆွေးနွေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရန် စနစ်တကျရွေးချယ် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါ ကြောင်း၊ အားကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများ ရှိစေရန် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အားကစားသမားများ၏ ကိုယ်ကာယ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော လေ့ကျင့်ရေးအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အလားအလာရှိသည့် အားကစားနည်းများတွင် ဆုတံဆိပ်များပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ယှဉ်ပြိုင်မှုရှိမှ အားကစားကဏ္ဍ တိုးတက်လာမည်ဖြစ်သဖြင့် အဆင့်ဆင့်ပြိုင်ပွဲများပြုလုပ်ကာ စခန်းသွင်းလေ့ကျင့်ပေးပြီး တိုင်းဒေသကြီး၏ အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ကြိုးစားကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်၊ မြို့နယ်တာဝန်ခံများက အားကစားနှင့်လူငယ်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေး လှုပ်ရှား ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)